2024.03.15
無分類
讀給您聽

လင်ဂျူးတောင်ဆရာတော် ဘဒ္ဒန္တကုသလ(Burmese)

လင်ဂျူးတောင်ဆရာတော် ဘဒ္ဒန္တကုသလ (၁၉၄၈ခုနှစ် အောက်တိုဘာလ ၁၁ရက် - ) သည် မြန်မာနိုင်ငံတွင်မွေးဖွားသည့် ထိုင်ဝမ်မှ ရဟန်းရှင်တပါးဖြစ်၍ လင်ဂျူးတော်ဗုဒ္ဓသာသနာပြုအဖွဲ့၊ ကမ္ဘာ့ဘာသာပေါင်းစုံပြတိုက်ကြီးနှင့်“ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့မိသားစု”(Global Family for Love and Peace)တို့၏ တည်ထောင်သူလည်းဖြစ်သည်။

ဆရာတော် ဘဒ္ဒန္တကုသလ သည် ထေရဝါဒ၊ မဟာယာန၊ ဝဇိရယာန ဟူသော ဗုဒ္ဓဘာသာ၏ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းစလုံးကို လေ့လာခံယူထားသူဖြစ်သည်။ [1]၁၉၉၄ ခုနှစ်တွင် ရန်ကုန်မြို့ ကိုးထပ်ကြီးကျောင်းတိုက်၌ ဆရာတော်ကေသရအား ဥပဇ္ဈပြု၍ ကုသလဟူသည့်အမည်ဖြင့် ထေရဝါဒရဟန်းအဖြစ် ခံယူခဲ့သည်။ ၂၀၀၁ခုနှစ်တွင် တိဘက်ဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ခုဖြစ်သော နင်းမား(Nyingma)ဘုန်းတော်ကြီးကျောင်းမှ katok Monasteryက ဆရာတော်၏ ရှေ့ဘဝသည် ၎င်းတို့ဂိုဏ်းခွဲမှ တရားအားထုတ်သူဖြစ်ကြောင်း အတည်ပြုခဲ့ပြီး  Bakye Dorjeဟူသည့်အမည်ကိုလည်း ချီးမြှင့်ပေးအပ်ခဲ့သည်။ ၂၀၀၇ခုနှစ်တွင်  ချန်မြောက်စင်တောက်အမည်ဖြင့် တရုတ်ဗုဒ္ဓဘာသာ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သော လင်ဂျိဇမ်ရွှိယင်ဂိုဏ်းခွဲမှ ဆရာတော်ပိန်ဟွမ့်(Benhuan)၏ သြဝါဒခံယူ၍ ၎င်းဂိုဏ်းခွဲ၏ ၄၅ဆက်မြောက်တပည့်တော်ဖြစ်လာခဲ့သည်။ ၂၀၁၃ခုနှစ်တွင် လင်ဂျူးဆရာတော်သည် စင်တောက်ကျိဒါအမည်ဖြင့် ၎င်းအား ဆံချပေးသည့် ကျေးဇူးရှင်ဆရာတော် ရှင်းယင်(Hsing Yun)မှ လင်ဂျိဇမ်ချိရှာကြုန်းရှင်းဂိုဏ်းခွဲ၏ ၄၉ဆက်မြောက်တပည့်တော်အဖြစ် အသိမှတ်ပြုခြင်းခံခဲ့ရသည်။
 

၁၉၈၃ခုနှစ်တွင် ဆရာတော် ဘဒ္ဒန္တကုသလသည် ထိုင်ဝမ်အရှေ့မြောက်ထောင့်ရှိ လင်ဂျူးတောင်တွင် ကျောင်းတော်တည်၍ ၁၉၈၄ခုနှစ်တွင် မေတ္တာတရားနှင့် ဝိပဿနာအထူးပြုသော လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့ကို တည်ထောင်ခဲ့သည်။ ထို့နောက် ဆရာတော်သည် ကမ္ဘာတစ်ဝှမ်း၌ ဘုရားကျောင်းကန်နှင့် တရားစခန်း စုစုပေါင်း၃၀ကျော်တည်ဆောက်၍ ဘာသာရေး၊ ပညာရေးများပြန့်ပွားစေရန် ကြိုးစားခဲ့သည်။[2] ၂၀၀၁ခုနှစ်တွင် ဘာသာပေါင်းစုံစုစည်းကာ ဘာသာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးတိုင်ပင်စေရေးရည်စူး၍ ကမ္ဘာ့ဘာသာရေးပြတိုက်ကြီး တည်ထောင်ခဲ့သည်။ ယခုနှစ်ပိုင်းတွင်  ဆရာတော်သည် ကမ္ဘာမြေကြီးအတွက် ဝိညာဏဂေဟဗေဒစနစ်နှင့် ကမ္ဘာမြေကြီးအားချစ်မြတ်နိုးခြင်း၊ ငြိမ်းချမ်းရေးအားချစ်မြတ်နိုးခြင်း စသည့်အယူအဆများကိုအခြေခံထားသော ဘဝငြိမ်းချမ်းရေးအမည်ရ တက္ကသိုလ်ကြီးတစ်ခုအား စတင်တည်ထောင်ရန် အားသွန်ခွန်စိုက်ကြိုးပမ်းနေသည်။[3]
 

ဆရာတော်ဘဒ္ဒန္တကုသလသည် ၂၀၀၅ခုနှစ်တွင် သီရိလင်္ကာမှ လှူဒါန်းဆက်ကပ်သော ဗုဒ္ဓဘာသာပြန့်ပွားရေးထူးချွန်ဆု ( Dharma keerthi Sri) လက်ခံရရှိခဲ့သည်။ ထိုနှစ်တွင်ပင် အိန္ဒိယနိုင်ငံမှ အပ်နှင်းသော မိုတီလာနေရူးငြိမ်းချမ်းရေး၊သည်းခံစိတ်နှင့်သဟဇာတဆု (Pt. Motilal Nehru National Award for Peace, Tolerance and Harmony) ကိုလည်း ရရှိခဲ့သေးသည်။  ဆရာတော်သည် မြန်မာနိုင်ငံ၌ ၂၀၀၆ခုနှစ်တွင်  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၂၀၁၀ခုနှစ်တွင် မဟာကမ္မဋ္ဌာနာစရိယဘွဲ့၊ ၂၀၁၄ခုနှစ်တွင်  အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့ စသည့်ဘွဲ့တံဆိပ်တော်များကို လှူဒါန်းအပ်နှင်းခြင်းခံရသည့်အပြင် ၂၀၁၃ခုနှစ်တွင် ထိုင်းနိုင်ငံ ပဝရနိဝေသေကျောင်းတော်ကြီး(Wat Bowonniwet Vihara)မှ ချီးမြှောက်သော ဗုဒ္ဓဘာသာလှူဒါန်းမှုထူးချွန်ဆု (Benefactor of Buddhism Award) ကိုလည်း လက်ခံရရှိခဲ့သည်။ ၂၀၁၀ခုနှစ်တွင် အမေရိကန်နိုင်ငံ နားလည်မှုကျောင်း (Temple of Understanding) မှပေးအပ်သော ဘာသာပေါင်းစုံအမျှော်အမြင်ကြီးမြင့်ဆု (Interfaith Visionary Lifetime Achievement Award) ဆုကိုလည်း ရရှိခဲ့ဖူးသည်။ ၂၀၂၁ခုနှစ်တွင် ထိုင်ဝမ်အစိုးရမှ ပထမကြိမ်မြောက် ထိုင်ဝမ်ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ဆု( ပြတိုက်၊ ယဉ်ကျေးမှုစင်တာ၊ လူထုအဆောက်အအုံ) Taiwanese Cultural Collaboration Medal (Museum, Local Cultural center and  Community building) အား ဆက်ကပ်လှူဒါန်းခြင်းခံခဲ့ရသည်။[4]

ငယ်စဉ်ဘဝ

မွေးဖွားခြင်း

ဆရာတော် ဘဒ္ဒန္တကုသလသည် ၁၉၄၈ခုနှစ်တွင် မြန်မာနိုင်ငံလားရှိုးမြို့နယ် လိုင်းတောက်စန်းဒေသ လိုင်းခန့်ကျေးရွာတွင်မွေးဖွားခဲ့သည်။ ဆရာတော်၏ ငယ်အမည်မှာ ရန်ရှောက်စိန်ဖြစ်သည်။[5]
 

ငယ်ဘဝ

၁၉၅၂ခုနှစ်တွင် ဆရာတော်လောင်းလျာ၏ဖခင်ရန်ရှောက်ချိုက်ဆုံးပါးသွားခဲ့ရာ မိခင်လီစူကျိန်က ဆရာတော်လောင်းလျာ၏ နှမတော်ရန်ရှောက်ဖျင်အားခေါ်၍ အိမ်ပေါ်မှဆင်းသွားကာ သတင်းအစအနပျောက်သွားခဲ့သည်။ ထိုအချိန်တွင် အသက်လေးနှစ်သာရှိသေးသော ရန်ရှောက်စိန်အား အဒေါ်ဖြစ်သူရန်ရှောက်စီမှ ခေါ်ယူကျွေးမွေးထားရာ အဒေါ်ဆုံးပြီးနောက် ဦးလေးဖြစ်သူရင်ဟူနန်နှင့်အတူ တောတွင်း၌လှည့်လည်နေထိုင်ခဲ့သည်။ ၁၉၅၇ခုနှစ်တွင် ဦးလေး၏မိတ်ဆွေဖြစ်သူ လူတင့်ကျုတ်၏အားပေးမှုကြောင့် ပညာတတ်ရန်အလို့ငှာ စစ်တပ်ထဲသို့ဝင်ရောက်ခဲ့သည်။ တပ်ထဲမှအရာရှိများက ဆရာတော်လောင်းလျာအား ရန်ကြံ့စိန်ဟု အမည်ပြောင်းပေးခဲ့သော်လည်း ရန်ကျင့်စိန်ဟု စာလုံးပေါင်းမှားရေးခြင်းခံခဲ့ရသည်။ တရုတ်မြန်မာနယ်စပ်ရှိတိုက်ပွဲများတွင် ဆရာတော်လောင်းလျာသည် အထက်အမိန့်အရ လက်နက်ရိက္ခာများသယ်ယူပေးခဲ့ရပြီး စစ်မီးလျှံ၏ဆိုးကျိုးများ၊ ဆင်းရဲဒုက္ခများကိုတွေ့မြင်ခဲ့ရကာ စစ်ပွဲများကို ထိုစဉ်ကတည်းက နာကြည်းမုန်းတီး၍ ငြိမ်းချမ်းရေးအတွက်ကြိုးစားအားထုတ်မည်ဟု သန္နိဋ္ဌာန်ချခဲ့သည်။
 

ထိုင်ဝမ်သို့ရောက်ရှိခြင်း

၁၉၆၁ခုနှစ်တွင် ထိုင်ဝမ်သို့ရောက်ရှိခဲ့ပြီး ချိန်ကုန်းလင်ရှိကလေးစစ်သားတပ်ဖွဲ့တွင် တပ်သားတစ်ဦးဖြစ်လာခဲ့သည်။ ၁၉၆၃ခုနှစ်တွင် ထိုင်ကျုံးထန်ကျိမြို့နယ် ရှင်ရှင်းမူလတန်းကျောင်းတွင် ကျောင်းတက်ခဲ့ရပြီး နောင်တွင်စစ်တပ်နှင့်အတူ ထောက်ယွမ်မြို့သို့ ပြောင်းရွှေ့ခဲ့ရာ တာရှိမြို့နယ် စုလင်မူလတန်းကျောင်းတွင် အတန်းပညာဆက်လက်ဆည်းပူးခဲ့သည်။
 

တောရဆောက်တည်ခြင်း

အဝလောကိတေသွရအကြောင်းအား စတင်လေ့လာသင်ယူ

၁၉၆၃ခုနှစ်တွင် ဆရာတော်လောင်းလျာသည် ကလေးစစ်သားတပ်ဖွဲ့၏ဆရာဝန်ကျန်ချိဖုထံမှ အဝလောကိတေသွရအကြောင်းကြားသိခဲ့ရာ မျက်ရည်များမတိတ်နိုင်အောင်ကျခဲ့လေသည်။ ဆရာဝန်ကျန်ချိဖုက ဆရာတော်လောင်းလျာအား ဘုရားရှိခိုးသည့် ဂါထာစာအုပ်တစ်အုပ် လက်ဆောင်ပေးသည်။ ထိုအချိန်မှစ၍ မဟာကရုဏာဓါရဏီ စတင်ရွတ်ဖတ်ပူဇော်၍  အဝလောကိတေသွရနှင့် ဘုရားလောင်း၏ပုံပင်များကိုလည်းလေ့လာကာ အဝလောကိတေသွရအား စတင်ကိုးကွယ်ခဲ့သည်။ ထို့နောက် ဆရာတော်လောင်းလျာသည် ယွမ်ကောင်းဆရာတော်နှင့် ချန်ယွမ်ဆရာတော်တို့နှင့် သိကျွမ်းဝင်ခဲ့ပြီး ချောက်ရင်းဘုရားကျောင်းတွင် ဗုဒ္ဓတရားတော်များ စတင်သင်ယူခဲ့သည်။ ဆရာတော်လောင်းလျာသည် ထိုမှစ၍ တရားအားထုတ်ကျင့်ကြံခြင်းအား မိမိ၏ တစ်သက်တာလုပ်ငန်းအဖြစ်လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ ၎င်းဆုံးဖြတ်ချက်ခိုင်မာသည့်သက်သေအဖြစ် ဆရာတော်လောင်းလျာသည် မိမိ၏လက်မောင်းနှစ်ဖက်နှင့် ကိုယ်ခန္ဓာပေါ်တွင် "ငါသည်ဘုရားမဖြစ်မချင်းအနားမယူ"၊ "တရားဖြင့်သတ္တဝါအပေါင်းတို့အားနိဗ္ဗာန်ရောက်စေ"နှင့်  "卍"စသသည့်စာနှင့်အမှတ်အသားများ ဆေးမင်ကြောင်များရေးထိုးထားသည်။
 

ရဟန်းမပြုခင်ဘဝဖြတ်သန်းမှု

၁၉၆၄ခုနှစ်တွင် ဆရာတော်လောင်းလျာသည် ထောက်ယွမ်မြို့ လုံထန်စိုက်ပျိုးရေးကျောင်းသို့တက်ရောက်ခဲ့ပြီး ၁၉၆၅ခုနှစ်တွင် ရှင်ကျူမြို့ ကွမ်ရှီအလယ်တန်းကျောင်းသို့ ပြောင်းရွှေ့တက်ရောက်ခဲ့သည်။ ကျောင်းတွင် ဆရာတော်လောင်းလျာသည် သားသတ်လွှတ်စားသောကြောင့် "ကျိုက်ကုံ"(ဦးသားသတ်လွှတ်)ဟု အခေါ်ခံခဲ့ရသည်။ ထိုနှစ်တွင် ဆရာတော်လောင်းလျာသည် ယီးကွမ်းတောင်း(Yiguandao)ဟူသည့် ဘာသာမှ တရားဟောဆရာရှဲ့ဖုန်ရင်းနှင့်ရင်းနှီးခဲ့ပြီး ၎င်းထံမှ အစားအသောက်ကူညီမှုများရရှိခဲ့သလို ယီးကွမ်းတောင်းစသည့်ကိုးကွယ်ယုံကြည်မှုများကိုလည်း ထိတွေ့ခဲ့ရသည်။ ၁၉၆၆ခုနှစ်တွင် ဆရာတော်လောင်းလျာသည် ထောက်ယွမ်ကျုံလိမြို့နယ် လုံကိုင်အမှတ်(၁)တပ်ကြပ်သင်တန်းကျောင်းသို့ တက်ရောက်ခဲ့သည်။ ၁၉၆၇ခုနှစ်တွင် ဆရာတော်လောင်းလျာသည် သူငယ်ချင်းကောင်း လီဖုန်ချွမ်းနှင့်အတူ  မြန်မာပြည်သူပြည်သားတို့အား သွားရောက်ကယ်တင်မည်ဟူသည့်အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ဝါးဖောင်စီး၍ ပြန်ရန်စီစဉ်ခဲ့သော်လည်း ဝါးဖောင်မှောက်၍ အစီအစဉ်ပျက်ခဲ့သည်။ ထို့နောက် ၎င်း တို့နှစ်ဦးသည် ရဲစခန်းသို့ သွားရောက်၍ ပြစ်မှုရှိကြောင်းထွက်ဆိုအဖမ်းခံခဲ့သည်။ ရဲစခန်းမှ ၎င်း တို့အား ပြစ်မှုမရှိဟုပြန်လွှတ်သော်လည်း ဆရာတော်လောင်းလျာမှာ စစ်တပ်မှ နှုတ်ထွက်နိုင်ရန်အတွက် တရားသူကြီးအား ပစ်ဒဏ်ကြီးကြီးမားမားပေးရန်တောင်းဆိုသောကြောင့် ထောင်ဒဏ်၆လချမှတ်ခံရလေသည်။ ၁၉၆၈ခုနှစ်တွင် ဆရာတော်လောင်းလျာသည် ၎င်းဖြစ်စေချင်သည့်အတိုင်း စစ်တပ်မှနှုတ်ထွက်မိန့်ချမှတ်သောကြောင့် တပ်တွင်းမှနှုတ်ထွက်ခဲ့သည်။ ထို့နောက်ဆရာတော်လောင်းလျာသည် စက်ရုံအလုပ်သမား၊ ကုန်ပို့သမား၊ လက်ဖက်ခြံအလုပ်သမား၊ ဆန်ဆိုင်အလုပ်သမားစသည့်အလုပ်များလုပ်ကိုင်ခဲ့ရာ လူတန်းစားအလွှာလွှာ၏ဘဝမျိုးစုံကို တွေ့မြင်ခဲ့ရသည့်အပြင် တာအိုဘာသာ၊ အခြားကိုးကွယ်ယုံကြည်မှုများနှင့် ကွန်ဖြူးရှပ်ဝါဒစသည်တို့ကိုလည်း ထိတွေ့ခဲ့ရသည်။ ၁၉၇၂ခုနှစ်တွင် ဆရာတော်လောင်းလျာ၏ သူငယ်ချင်းကောင်း လီဖုန်ချွမ်းသည် ရောဂါဖြင့်ကွယ်လွန်သွားရာ ဆရာတော်လောင်းလျာက လူ၏အသက်မှာအလွန်ပင်တိုတောင်း၍ ပြောင်းလွှဲမှုသည်မြန်ဆန်လှကြောင်း နားလည်လာခဲ့ရာ သာသနာ့ဘောင်သို့ဝင်ရောက်ရန် စိတ်ပိုင်းဖြတ်လိုက်လေတော့သည်။

ရဟန်းပြုပြီးဘဝဖြတ်သန်းမှု

၁၉၇၃ခုနှစ် တရုတ်ပြက္ခဒိန် ၉လ၁၉ရက် အဝလောကိတေသွရရဟန်းပြုသည့်နေ့တွင် ဆရာတော်လောင်းလျာသည် ဖော်ကောင်းတောင်(Fo Guang Shan)  ရှင်းယင်(Hsing Yun)ဆရာတော်ထံ၌ ဆံချခံ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည်။ ဆရာတော်၏ ရဟန်းအမည်မှာ စင်တောက်ဖြစ်ပြီး ဖော်ကောင်းတောင်၏ ချုံလင်ကောလိပ်( Tsunglin University)၌ ပညာဆည်းပူးခဲ့သည်။ ၎င်းနှစ်တွင်ပင် ဆရာတော်သည် မြောက်လိမြို့ ဖာရင်ကျောင်းတိုက်မှ မင်ချန်ဆရာတော်၊ နန်ထင်ဆရာတော်၊ တောက်အန်ဆရာတော်များဦးဆောင်သည့် ရဟန်းခံအခမ်းအနားတွင် ဆရာတော်နှင့် ရေစက်ရှိသည့် ကျက်တည်ဆရာတော်ကြီးအမှူးပြု၍ ဝူရိဆရာတော်၊ ချန်ရိဆရာတော်တို့၏ ဝန်းရံမှုအောက်တွင် ရဟန်းခံခဲ့သည်။ ထို့နောက် ရိန်ဟိုက်ဆရာတော်( တောက်ယွမ်ဆရာတော်၏ တပည့်)မှ ဝိပဿနာကျင့်ကြံသည့်နည်းလမ်းများကို သင်ပြပေးခဲ့၍ ထိုနည်းအတိုင်း အားထုတ်ကျင့်ကြံရာ အမြဲတစဉ် ညလုံးပေါက် တရားထိုင်လေ့ရှိသောကြောင့် တခြားသူများနှင့် ခြေလှမ်းများ မတူညီတော့ဘဲ ရဟန်းကျင့်စဉ်များအားလုံး ကျင့်ကြံအားထုတ်လိုသည့်စိတ်များ ပေါက်ဖွားလာခဲ့သည်။

ရဟန်းကျင့်စဉ်များအားထုတ်ကျင့်ကြံ

၁၉၇၄ခုနှစ် သြဂုတ်လတွင် ဆရာတော်သည် ဖော်ကောင်းတောင်မှ ခွင့်ပန်၍ ထိုင်ပေရှိ ယွမ်ကွမ်းဆရာတော်နေအိမ်၏ သစ်ခွပန်းခြံတွင် တစ်ဦးတည်းနေထိုင်ကာ ဓုတင်၁၃ပါးအား စတင်အားထုတ်ကျင့်ကြံခဲ့ရာ အထီးကျန်ခြင်းနှင့် ကြောက်ရွှံ့ခြင်းတရားများအား ပိုမိုနားလည်လာခဲ့သည်။ ဤကာလတွင် ဆရာတော်သည် မိမိ၏ခံစားမှုအား “လရောင်တိတ်ငြိမ် တိမ်ဆိတ်ငြိမ်၊ မပြန့်နှံ့သေးသည့်အမွှေးရနံ့များတိုးတိုးရ”ဟု ဖွဲ့နွှဲ့မှတ်သားခဲ့သည်။

သုဿာန်ဓုတင်အားထုတ်ကျင့်ကြံ

၁၉၇၅ခုနှစ် ဖေဖဝါရီလလကုန်ပိုင်းတွင် ဆရာတော်သည် ရှင်းယင်ဆရာတော်၏ စီစဉ်မှုအရ ရီလန်မြို့ လိတ်ရင်ဘုရားကျောင်းသို့သွားရောက်၍ ဝစီပိတ်တရား အားထုတ်ကျင့်ကြံခဲ့သည်။  သို့ရာတွင် လိတ်ရင်ဘုရားကျောင်းအနောက်ရှိ သံမဏိစက်ရုံမှ ဆူညံသံများကြောင့် ဆရာတော်သည် ၎င်းကျောင်း၌ ၁၅ရက်မျှသာ တရားထိုင်ခဲ့ပြီး ရီလန်မြို့ ကျောက်ရှီနယ် အယ့်ကျယ်ရွာ ယွမ်မင်ဘုရားကျောင်းသို့ ပြောင်းရွှေ့တရားထိုင်ခဲ့သည်။ ယွမ်မင်ဘုရားကျောင်းသည် ၁၉၁၇ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ချီဟိုင်(Zhi Hang)ဆရာတော်နှင့် ရှင်းယင်ဆရာတော်တို့သည်လည်း ဤကျောင်း၌ သီတင်းသုံးခဲ့ဖူးသည်။ သို့ရာတွင် နှစ်ကာလကြာမြင့်ပြီဖြစ်သောကြောင့် အဆောက်အအုံများသည် ဆွေးမြည့်ယိုယွင်းနေပြီဖြစ်သည်။  ကျောင်းတော်ကြီးသည် ဝေးလံခေါင်သီသည့်အရပ်တွင်တည်ရှိပြီး ကျောင်း၏မြောက်ဘက်သည် သုဿာန်မြေဖြစ်နေရာ လူသူအရောက်အလွန်နည်းပါးသော်လည်း ထိုနေရာသည် ဆရာတော်၏ စိတ်အလိုနှင့် ထပ်တူကျခဲ့သည်။ ၁၉၇၅ခုနှစ် မတ်လ ၁၄ရက်နေ့မှစ၍ ဆရာတော်သည် ဤယွမ်မင်ဘုရားကျောင်း၌ သုဿာန်ဓုတင် ပထမဆင့် စတင်ကျင့်ကြံခဲ့သည်။ ထိုနေ့မှစ၍ ဆရာတော်သည် နေ့စဉ်နေ့တိုင်း မပျက်မကွက် တရားအားထုတ်ကျင့်ကြံခဲ့သည်။ ၁၉၇၆ခုနှစ်တွင် ဆရာတော်၏ ပထမဦးဆုံးသော တပည့်ဒါယိကာဖြစ်သော ရွှီချုံချီက ဆရာတော်အား စတင်ကိုးကွယ်ခဲ့သည်။

၁၉၇၇ခုနှစ် ယွမ်မင်ဘုရားကျောင်းအားပြုပြင်မွမ်းမံသည့်အချိန်တွင် ဆရာတော်သည် ကျောင်းနှင့်မီတာ၁၀၀ခန့်ကွာဝေးသော လင်စန်းစေတီသို့ ပြောင်းရွှေ့ခဲ့သည်။ မပြောင်းရွှေ့မှီရှေ့တစ်ညတွင် ဆရာတော်သည် စိန်သုတ္တန်(Daimond Sutra)၊  ပညာပါရမီတာဟဒယသုတ်​တော် (Heart Sutra)၊ မဟာကရုဏာဓါရဏီတို့အားရွတ်ဖတ်နေသည့် ဝေထှောဗောဓိသတ္တ (skanda)၏ ကြီးမားသည့်ရုပ်ပွားတော်အား အိပ်မက်မက်ခဲ့သည်။ လင်စန်းစေတီ၏ပတ်ဝန်းကျင်တွင် ထိန်းသိမ်းမှုမရှိသောအုတ်ဂူများ ပြန့်နှံ့နေသည်။ ဆရာတော်သည် ဤနေရာတွင် သုဿာန်ဓုတင် ဒုတိယအဆင့် စတင်အားထုတ်ခဲ့ပြီး သမာဓိအား အဓိကထား၍ ကျင့်ကြံခဲ့သည်။ ဆရာတော်သည် အချို့သောအချိန်တွင် တောင်အောက်ရှိ သက်ကြီးရွယ်အိုကျောင်းသို့သွားရောက်၍ သေဆုံးသူများ၏ ရုပ်ကလပ်များအားသယ်ယူပေးခြင်း၊ ရောဂါပြင်းထန်သည့်လူကြီးများအား ရေချိုးပေးခြင်းများ လုပ်ဆောင်တတ်သည်။ ဆရာတော်က လင်စန်းစေတီအား တစ်သက်တာအတွင်း တရားထိုင်အကောင်းဆုံးနေရာဟု မှတ်ယူပြီး ၎င်းနေရာအား “အား၊ လင်စန်းကျောင်းတော်”ဟု အမည်ပေးခဲ့လေသည်။ တစ်ရက်သောအခါ ဆရာတော်တရားထိုင်နေချိန်တွင် မိမိ၏ စိတ်နှင့်လိပ်ပြာတို့သည် တစ်ထပ်တည်းကျနေသည်ဟု ခံစားရ၍ “ခန္ဓာကိုယ်သည်ဆိတ်ငြိမ်၊ ခန္ဓာကိုယ်သည်သုညတ၊ သုညတတွင်အစဉ်နေ၊ ခန္ဓာကိုယ်လည်းမခွာဝေး”နှင့်“စိတ်သည်သုညတဖြင့်လောကကြီးအားကြည့်ရှု၊ ကိလေသာသည်ချုပ်ငြိမ်း၍ခန္ဓာကိုယ်သည်အစဉ်တည်ရှိ။”ဟူသည့်ကဗျာဖြင့်မှတ်သားခဲ့လေသည်။

သုဿာန်ဓုတင်ကျင့်ကြံနေစဉ် ဆရာတော်သည် နာနာဘဝများငိုကျွေးနေသည်ကို အမြဲကြားသိလေရာ ကရုဏာစိတ်ပွားများကာ စိန်သုတ္တန်နှင့် မဟာကရုဏာဓါရဏီတို့အား နေ့စဉ်ရွတ်ဖတ် အမျှဝေခဲ့ပြီး အပါယ်ဘုံမှ သတ္တဝါများအား ကျွတ်လွှတ်နိုင်ရန် တရားအားထုတ်မည်ဟု သံဓိဋ္ဌာန်ချမှတ်ခဲ့သည်။ နောင်အခါတွင် ဆရာတော်သည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့တည်ထောင်သောအခါ ဝူစိမ်းဘုရားကျောင်း၌ အစာမျှဝေတရားပွဲကျင်းပ၍ နှစ်စဉ် တရုတ်ပြက္ခဒိန်၇လတွင်ကျင်းပသည့် သုံးဆယ့်တစ်ဘုံသားတို့အားကုသိုလ်အမျှပေးဝေခြင်းတရားပွဲအခမ်းအနားတို့သည် ဤကာလတွင် ချမှတ်ခဲ့သည့် သံဓိဋ္ဌာန်အား အကောင်ထည်ဖော်ဆောင်ခြင်းပင်ဖြစ်သည်။ တစ်နေ့သောအခါ ဆရာတော်တရားထိုင်နေစဉ် မီလာရီပဘုရား (Buddha Milarepa)သည် ၎င်းလက်ဖြင့်မိမိဦးခေါင်းအားပွတ်သပ်၍ “ဖူရိန်”(Pu Ren)ဟူသည့်အမည်အား ပေးအပ်သည်ကို မြင်ရလေသည်။ ၁၉၇၉ခုနှစ်တွင် ဆရာတော်သည် လင်စန်းစေတီအနီးအနား လုံထန်ရေကန်ကန်စပ်ရှိတောင်ကုန်းသို့ပြောင်းရွှေ့၍  “အသက်ရှင်ခြင်းနှင့်သေခြင်းတရားတို့သည်ပုံမှန်မရှိ၊ အိပ်မက်များကဲ့သို့အတည်မရှိ”ဟူသည့်အဓိပ္ပာယ်ကိုကောက်ယူကာ “ယူဟွမ်”(အဓိပ္ပာယ်ပါမှာအိပ်မက်ဆန်ဆန်ဖြစ်သည်)တောစခန်းအားတည်ဆောက်၍ သုဿာန်ဓုတင်တတိယဆင့်အား စတင်ကျင့်ကြံခဲ့သည်။ ဤကာလတွင် ဆရာတော်သည် ညပိုင်းအချိန်တွင် သုဿာန်မြေသို့ သွားရောက်၍ တရားထိုင်ခဲ့သည်။ ဆရာတော်သည် လေးနှစ်တိုင်တိုင် နေ့စဉ်၁၈နာရီအထက် တရားထိုင်ယူခဲ့သည်။ ဤသို့တရားထိုင်စဉ်တွင် ဆရာတော်သည်  “ခန္ဓာကိုယ်သည် ပြည့်ဝ၍ဆိတ်ငြိမ်နေ၊ မွေးဖွားခြင်း၊ချုပ်ငြိမ်းခြင်းနှင့်နိဗ္ဗာန်တို့သည်လည်းမရှိတော့”ဟူသည့်ကဗျာကို ရေးမှတ်ခဲ့သည်။

ဆရာတော်တရားထိုင်ရာသို့ ရောက်ရှိလာသည့် တပည့်ဒါယိကာများ များပြားလာသောကြောင့် တောစခန်း၌ ပရိယတ္တိစာပေများလေ့လာရန်နှင့် တပည့်ဒါယိကာများနားနေနိုင်ရန် အဆောက်အအုံများထပ်မံတိုးချဲ့ခဲ့ရသည်။ ဆရာတော် တရားထိုင်နေစဉ် “အမြဲဆိတ်ငြိမ်သောနယ်မြေ”(常寂光土)ဟူသည့်စာလုံးများမြင်တွေ့လေရာ ကျောင်းတော်အသစ်အား  “ကျီကောင်းဘုရားကျောင်း”(寂光寺)ဟု အမည်ပေးခဲ့သည်။  ၁၉၈၀ခုနှစ်တွင် ဆရာတော်သည် တိဘက်ဗုဒ္ဓဘာသာ ကာမဂါရာ(karma kagya)ဂိုဏ်းခွဲမှ Rinpoche Kalu ဦးစီးကျင်းပသည့်တရားပွဲအား တက်ရောက်ခဲ့သည်။ ၎င်းတရားပွဲတွင် ဆရာတော်သည်  “ဝူဝိတ်”(ကြောက်ရွှံ့ခြင်းကင်းမဲ့သောဟုအဓိပ္ပာယ်ရသည်) ဟူသည့်ရဟန်းနာမည်ကိုခံယူကာ လက်လေးချောင်းပါရှိသည့် အဝလောကိတေသွရ၏မုဒြာကိုလည်း သင်ကြားခံယူခဲ့သည်။ ထိုနှစ်ထဲတွင် ဆရာတော်သည် ကျိကောင်းဆရာတော်နှင့် ဆရာလေးဖာရှင့်တို့အား သူ၏ ပထမဦးဆုံးသော သာသနာဘောင်မှတပည့်များအဖြစ် လက်ခံခဲ့သည်။
 

အစာဖြတ်ကျင့်စဉ်ဖြစ်သော ဒုက္ခရစရိယာ အားထုတ်ကျင့်ကြံ

၁၉၈၂ခုနှစ် နှစ်ဆုံးပိုင်းတွင် ဆရာတော်သည် အစာအိမ်အဖြတ်ခံရသည်ဟု အိပ်မက်မက်လေရာ အစာဖြတ်ကျင့်စဉ်ဖြစ်သော ဒုက္ခရစရိယာအား အားထုတ်ကျင့်ကြံမည်ဟု ဆုံးဖြတ်ခဲ့သည်။ အစာဖြတ်၍တရားထိုင်နည်းနှင့် ပန်းပေါင်းစုံဆေးလုံးပြုလုပ်သည့်နည်းအား မှတ်သားထားသည့်စာအုပ်နှင့် အစာဖြတ်နည်း၏ အဓိကအချက်များကိုသိရှိရယူပြီးနောက် ဆရာတော်သည် ၁၉၈၃ခုနှစ် ဧပြီလစန်းမှစ၍ ဒုက္ခရစရိယာအား အားထုတ်ကျင့်ကြံခဲ့သည်။ နှစ်ပတ်နေသော် ကျောင်းတော်အနီးရှိ ကျိုကျိန့်တုံ၏ အထင်ကရရှေးဟောင်းအိမ်တော်သို့ပြောင်းရွှေ့၍ ဆက်လက်တရားအားထုတ်ခဲ့ပြီး ဇွန်လတွင် ရှင်းပေမြို့ ဖူလုံအရပ်ရှိ လောက်လန်တောင်သို့သွားရောက်ကာ ကုံနန်ဘုရားကျောင်းအားခွင့်ပန်၍ ၎င်းကျောင်း၏ ဖူထော်ရန်ဂူတွင် ၃လတိုင်တိုင်တရားကျင့်ကြံခဲ့သည်။ ထို့နောက် စက်တင်ဘာလ၂၁ရက်(တရုတ်လမုန့်စားပွဲ)တွင် ကိုယ်တိုင်ဖောက်ထွင်းထားသည့် ဖာဟွာဂူသို့ ပြောင်းရွှေ့ခဲ့ပြန်သည်။ ၁၉၈၅ခုနှစ်ဧပြီလတွင် ဆရာတော်သည် အိန္ဒိယသို့ သွားရောက်ဘုရားဖူးမည့် ခရီးစဉ်ရှိသောကြောင့် နှစ်နှစ်တာကြာမြင့်သော  ဒုက္ခရစရိယာကျင့်စဉ်အား အဆုံးသတ်ခဲ့သည်။
 

သာသနာပြန့်ပွားခြင်း

လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့အားတည်ထောင်

၁၉၈၃ခုနှစ်စက်တင်ဘာလ၃ရက်(တရုတ်လမုန့်စားပွဲ)တွင် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့အား စတင်တည်ထောင်ခဲ့သည်။ ၁၉၈၄ခုနှစ် တရုတ်ပြက္ခဒိန်၆လ၁၉ရက်နေ့တွင် ဘုရားကျောင်းဖွင့်ပွဲပြုလုပ်ခဲ့သည်။ အစပိုင်းတွင် ဘုရားကျောင်းအား  “ပူတုံ့ဘုရားကျောင်း”(不動寺)ဟုအမည်မည့်ရန်စိတ်ကူးထားသော်လည်း တပည့်ဖြစ်သူ ဖာရှင့်ဆရာလေး၏ အကြံပြုချက်အရ “ဝူစိမ်းဘုရားကျောင်း”(無生道場)ဟု အမည်ပေးခဲ့သည်။ ထို့နောက် ဆရာတော်၏တပည့်ဒါယိကာများသည် နေ့စဉ်နှင့်အမျှ တိုးများလာခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ နေထိုင်သူများ၏ ကိုးကွယ်ယုံကြည်မှုများကို ရယူနိုင်ခဲ့သည်။ ဗုဒ္ဓတရားတော်များ ပြန့်ပွား၍ သတ္တဝါအပေါင်းတို့အား  ကူညီရန်အလို့ငှာ ဆရာတော်သည် ၁၉၈၉ခုနှစ်တွင် လင်ဂျူးတောင်‘ပညာ’ယဉ်ကျေးမှုနှင့်ပညာရေးဖောင်ဒေးရှင်း(Ling Jiou Mountain Prajna Cultural and Educational Foundation)အားတည်ထောင်၍ ၁၉၉၀ခုနှစ်တွင် လင်ဂျူးတောင်ဓမ္မပါလအဖွဲ့(Ling Jiou Mountain Association of Dharmapalas)၊ ၁၉၉၄ခုနှစ်တွင် လင်ဂျူးတောင်ပရဟိတဖောင်ဒေးရှင်း(Ling Jiou Mountain Charity Foundation)နှင့် ကမ္ဘာ့ဘာသာပေါင်းစုံပြတိုက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Development fund for the planned Museum of World Religions) ၊ ၁၉၉၇ခုနှစ်တွင် လင်ဂျူးတောင်ဗုဒ္ဓသာသနာဖောင်ဒေးရှင်း(Ling Jiou Mountain Foundation for Buddhism)တို့ကိုလည်း တည်ထောင်ခဲ့သည်။ ထို့အပြင် ဆရာတော်သည် ထိုင်ဝမ်၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနှင့် အမေရိကန်နိုင်ငံနယူးယောက်မြို့ စသည့်နေရာများတွင် ဘုရားကျောင်းကန်၊ ဓမ္မတက္ကသိုလ်၊ တရားစခန်းစသည့် ကျောင်းဆောင်၃၀ကျော်အား တည်ဆောက်၍ ဗုဒ္ဓတရားတော်၊ ဝိပဿနာ၊ ပရဟိတ၊ ယဉ်ကျေးမှုနှင့် ပညာရေးများ ပြန့်ပွားနိုင်ရန် ကြိုးစားခဲ့သည်။ ဆရာတော်သည် “မေတ္တာတရားနှင့် ဝိပဿနာ”အား လင်ဂျူးတောင်၏ အဓိကတန်ဖိုးအဖြစ်သတ်မှတ်၍   “နေ့စဉ်နေထိုင်မှုဘဝနှင့် အလုပ်လုပ်ခြင်းသည်ပင် တရားအားထုတ်ကျင့်ကြံခြင်း”ဟူသည့် ဝိပဿနာတရားအား လှုံ့ဆော်ခဲ့သည်။ ထို့နောက် ဆရာတော်သည် အဝလောကိတေသွရဗောဓိသတ္တ၏တရားတော်အားအဓိကထား၍ နှစ်ပေါင်းများစွာ ဝိပဿနာအားထုတ်ကျင့်ကြံထားသည့်အတွေ့အကြုံနှင့်ပေါင်းစပ်ကာ ယခုခေတ်လူများကျင့်ကြံရန်အတွက် သင့်လျှော်သည့် “ဖင်အန်းဇမ်”(အန္တရာယ်ကင်းဇမ်ဟုအဓိပ္ပာယ်ဆောင်သည်) တီထွင်ကာ တပည့်ဒါယိကာများအား ဝိပဿနာအားထုတ်ကျင့်ကြံခြင်းဖြင့် ကိုယ်စိတ်နှစ်ပါးသင့်မြတ်၍ နားလည်သည့်စွမ်းအားထင်ရှားကာ မိမိပင်ကိုရှိအပ်သည့်အသိစိတ်များနှိုးကြားစေရန် သင်ကြားပေးသည်။
 

သုံးဆယ့်တစ်ဘုံသားတို့အားကုသိုလ်အမျှပေးဝေခြင်းတရားပွဲစတင်ကျင်းပ

သုဿာန်ဓုတင်ကျင့်ကြံစဉ်ပြုခဲ့သည့်ဓိဋ္ဌာန်အရ ၁၉၉၄ခုနှစ်တွင် ဆရာတော်သည် အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကိုမမူဘဲ တပည့်ဒါယိကာများကိုဦးစီး၍ ထိုင်ကျုံးမြို့တွင် ပထမကြိမ်မြောက် သုံးဆယ့်တစ်ဘုံသားတို့အားကုသိုလ်အမျှပေးဝေခြင်းတရားပွဲအား စတင်ကျင်းပခဲ့သည်။ ၎င်းတရားပွဲအား နှစ်စဉ်မပြတ်ကျင်းပခဲ့ရာ ၂၀၂၁ခုနှစ်တွင်ကျင်းပခဲ့သည်မှာ ၂၈ကြိမ်မြောက်တရားပွဲဖြစ်သည်။ ဆရာတော်သည် တရားပွဲ၏ အစီအစဉ်များအားလုံးကို အမှားအယွင်းများမရှိဘဲ ဘုံသားများအားလုံးအတွက်အကျိုးပြုစေရန် သေချာစိစစ်လုပ်ဆောင်ခဲ့ရာ လင်ဂျူးတောင်၏ သုံးဆယ့်တစ်ဘုံသားတို့အားကုသိုလ်အမျှပေးဝေခြင်းတရားပွဲသည် သာသနာအသိုင်းအဝိုင်းတွင် အကြီးမားဆုံးသောတရားပွဲတစ်ခုဖြစ်မြောက်လာသည်။ တရားပွဲသက်တမ်းအနှစ်၂၀ပြည့်သည့် ၂၀၁၃ခုနှစ်တွင် ဆရာတော်သည် “ဒါ့ဖူရှီ”(大普施ကြီးမားသောအလှူလှူဒါန်းခြင်းဟုအဓိပ္ပာယ်ဆောင်သည်)ဟူသည့်စာလုံး၃လုံးအား ကိုယ်တိုင်ရေးသား၍ သုံးဆယ့်တစ်ဘုံသားတို့အားကုသိုလ်အမျှပေးဝေခြင်းတရားပွဲ၏ အဓိကလုပ်ဆောင်ချက်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထို့အပြင် ဆရာတော်သည် တရားပွဲနှင့်ပတ်သက်၍  “သတ္တဝါအပေါင်းတို့အားလှူဒါန်း၊ ၎င်းတို့၏ဒုက္ခများအားနှုတ်ထုတ်၍ပျော်ရွှင်မှုများပေးကမ်း၊ တရားစောင့်ထိန်းပြီးပရိယတ္တိစာပေများလေ့လာ၊ ကိုယ့်စိတ်နှလုံးအားဆေးကြောကာ ပြုခဲ့သည့်အမှားများအတွက်နောင်တရ။”ဟူသည့် ကရုဏာစိတ်၊ တိကျသေချာသည့်စိတ်နှင့် တန်းတူညီမျှသောစိတ်စသည့် တရားပွဲ၏စိတ်ရင်းများကိုပုံဖော်သည့်ကဗျာကိုလည်း ရေးမှတ်ခဲ့သည်။

ကမ္ဘာ့ဘာသာပေါင်းစုံပြတိုက်အားတည်ဆောက်ဖွင့်လှစ်

“လူသားပေါင်းစုံတို့အား ဘာသာရေး၏ကောင်းကျိုး မည်ကဲ့သို့ခံစားစေ၍ ခွဲခြားဆက်ဆံတတ်သည့်စိတ်များပျောက်ကင်းပြီး အချင်းချင်းလေးစားကာ မိမိလိုအပ်ရာကို အဘယ်သို့ ယူစေနိုင်မည်နည်း။ ဤသို့ဖြစ်စေချင်ပါက ဘာသာရေး၏စိတ်ဓာတ်အား အားကိုးမှဖြစ်နိုင်မည်ဖြစ်သည်။ တနည်းအားဖြင့်ဆိုသော် တစ်ဦးကိုတစ်ဦးလေးစား၍ အချင်းချင်းသည်းခံကာ သက်ရှိအားလုံးအား ချစ်မြတ်နိုးပြီး ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးအားအတူတကွလှုံ့ဆော်ပေးသင့်သည်။” ဆရာတော်သည် ဤကဲ့သို့သောစိတ်ရင်းစေတနာအားအခြေခံ၍ ၁၉၉၀ခုနှစ်ကတည်းမှစ၍  ကမ္ဘာ့ဘာသာပေါင်းစုံပြတိုက်တည်ဆောက်ရေးရာပြင်ဆင်ရေးရုံးတည်ထောင်၍ ၁၉၉၄ခုနှစ်တွင် ကမ္ဘာ့ဘာသာပေါင်းစုံပြတိုက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအား အစိုးရဌာနတွင်မှတ်ပုံတင်ခဲ့သည်။ ဆရာတော်၏ ကုသိုလ်ကောင်းမှုအား ဖြည့်ဆည်းပေးရန်အလို့ငှာ ဆရာတော်၏တပည့်ဖြစ်သူ ချုပ်ကျယ်တုံမှ ရှင်းပေမြို့ယုံဟော်နယ်ရှိ ၇၁၁၈၀sqftခန့်ကျယ်ဝန်းသော တိုက်ခန်းကျယ်အား ၎င်းပြတိုက်အတွက်အသုံးပြုရန် လှူဒါန်းပေးခဲ့သည်။ ၁၀နှစ်တာမျှကြာရှည်သော ခက်ခဲသည့်ပြင်ဆင်ရေးကာလအပြီးတွင် ကမ္ဘာ့ဘာသာပေါင်းစုံပြတိုက်သည် ၂၀၀၁ခုနှစ်နိုဝင်ဘာလ၉ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သလို ၎င်းဖွင့်ပွဲအခမ်းအနားကျင်းပသည့်ရက်စွဲကိုလည်း “ကမ္ဘာ့ဘာသာပေါင်းစုံသင့်မြတ်ရေးနေ့”အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ ထိုဖွင့်ပွဲနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ ၃၈နိုင်ငံမှ ဘာသာရေးခေါင်းဆောင်နှင့်ကိုယ်စားလှယ်၁၂၀ဦးတို့သည် ထိုင်ဝမ်သို့လာရောက်ပါဝင်ခဲ့ပြီး အတွေးအခေါ်များနှီးနှောဖလှယ်ခဲ့ကြသည်။ ကမ္ဘာ့ဘာသာပေါင်းစုံပြတိုက်၏ရည်မှန်းချက်မှာ ဘာသာအားလုံးအားလေးစား၍ လူမျိုးစုအားလုံးကိုသည်းခံကာ သက်ရှိအားလုံးအား ချစ်မြတ်နိုးရေးပင်ဖြစ်သည်။ ၂၀၀၈ခုနှစ်မှစ၍ နှစ်စဉ်နွေဦးရာသီတွင်ကျင်းပသည့် ကမ္ဘာ့ဘာသာပေါင်းစုံငြိမ်းချမ်းရေးရာနွေဦးဆုတောင်းပွဲသည်လည်း ဆရာတော်၏ ဘာသာရေးပေါင်းဆုံတွေ့စုံဆွေးနွေးရေးပလက်ဖောင်း၏ လက်တွေ့အကောင်ထည်မှုတစ်ခုဖြစ်သည်။

ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာဆွေးနွေးတိုင်ပင်မှုလုပ်ငန်းများ စတင်ပြုလုပ်

၁၉၉၆ခုနှစ်တွင် ဆရာတော်သည် အရှေ့အလယ်ပိုင်းဒေသရှိ တူရကီ၊ အစ္စရေးစသည့်ဒေသများသို့သွားရောက်ကာ အစ္စလာမ်၊ ဂျူး၊ ဘဟာအီစသည့်ဘာသာများ၏ အထွတ်အမြတ်ထားရာနေရာဒေသများ လည်ပတ်လေ့လာပြီး ဒေသခံများ၏ဖိတ်ခေါ်မှုအရ ဟောပြောပွဲများလည်း ပြုလုပ်ခဲ့သည်။ ထိုနှစ်တွင်ပင် ဆရာတော်သည် ထိုင်းနိုင်ငံသို့သွားရောက်၍ အာစီယံဘာသာရေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ(Asian Conference on Religion and Peace, ACRP)အား တက်ရောက်ခဲ့သည်။ ၁၉၉၉ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့တွင် ကျင်းပသည့် တတိယကြိမ်မြောက် PoWRကမ္ဘာ့ဘာသာရေးဆွေးနွေးပွဲအား တက်ရောက်ခဲ့ပြီး ၎င်းဆွေးနွေးပွဲတွင် “၂၁ရာစုဗုဒ္ဓဘာသာ---ကျွန်ုပ်၏အတွေးအမြင်၊ အတွေ့အကြုံနှင့် မျှော်မှန်းချက်”နှင့် “ထောင်စုနှစ်၏စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှု---မျှော်လင့်ချက်သည်ကမ္ဘာ့ဘာသာရေးပြတိုက်တွင်ရှိ”စသည့်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ပြီး နိုင်ငံရပ်ခြားမှမိတ်ဆွေများနှင့် ဘာသာရေး၊ ငြိမ်းချမ်းရေးစသည့်အတွေးအမြင်တို့အား ဆွေးနွေးဖလှယ်ခဲ့သည်။ ဆရာတော်သည် ထိုနှစ်မှစ၍ ၎င်းPoWRကမ္ဘာ့ဘာသာရေးဆွေးနွေးပွဲအား ၆နှစ်ဆက်တိုက်ဖိတ်ခေါ်ခြင်းခံရကာ ကမ္ဘာတစ်ဝှမ်းမှ ဘာသာရေးခေါင်းဆောင်များ၊ သုတေသီများနှင့် အတွေးအမြင်၊ အယူအဆများ နှီးနှောဖလှယ်ခဲ့လေသည်။ ၂၀၀၀ခုနှစ်တွင် ဆရာတော်သည် ကုလသမ္မဂမှကျင်းပသည့် ထောင်စုနှစ်ကမ္ဘာ့ဘာသာရေးခေါင်းဆောင်များငြိမ်းချမ်းရေးညီလာခံသို့တက်ရောက်၍ ဆုတောင်းစကားများပြောကြားခဲ့ပြီး ညီလာခံအပြီးတွင်လည်း ကုလသမ္မဂ၏ ဖိတ်ကြားမှုအရ ၎င်းတို့၏ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအသင်းသို့ ဝင်ရောက်ခဲ့သည်။

၂၀၀၂ခုနှစ်တွင် ဆရာတော်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် မတူညီသည့်ဘာသာအကြား အချင်းချင်းနှီးနှောဖလှယ်နိုင်ရန်အတွက် “ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းရေးအတွက်ကမ္ဘာ့မိသားစု”(Global Family for Love and Peace)ဟူသည့် NGOအဖွဲ့အစည်းအား စတင်ဖွဲ့စည်းခဲ့သည်။  “ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းရေးအတွက်ကမ္ဘာ့မိသားစု”(GFLP)၏တည်ထောင်သူအနေဖြင့် ဆရာတော်သည် ကုလသမ္မဂမှ ဦးစီးကျင်းပသည့် ၅၅ကြိမ်မြောက် NGOနှစ်ပတ်လည်ညီလာခံအား တက်ရောက်ခဲ့ပြီး 911နှစ်ပတ်လည်အောက်မေ့အခမ်းအနားတွင် ထိုစဉ်က ကုလသမ္မဂ၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ကိုဖီအန်နန်နှင့်အတူ ဆုတောင်းမေတ္တာပို့သခဲ့သည်။ ၎င်းနှစ်တွင် အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်၌ ပထမကြိမ်မြောက် “အစ္စလာမ်၊ဗုဒ္ဓဘာသာနှီးနှောဖလှယ်ပွဲ”ကျင်းပခဲ့သည်။ ဆရာတော်သည် ထိုကဲ့သို့သော မတူညီသည့် ကိုးကွယ်ယုံကြည်မှုအကြား ငြိမ်းချမ်းစွာ နှီးနှောဖလှယ်သည်ကို နှစ်ပေါင်းများစွာ လက်တွေ့ကျကျနှိုးဆော်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ခုနှစ်တွင် ၁၇ကြိမ်မြောက်  “အစ္စလာမ်၊ ဗုဒ္ဓဘာသာနှီးနှောဖလှယ်ပွဲ”နှင့် ဒုတိယကြိမ်မြောက် “ အစ္စလာမ်၊ ဗုဒ္ဓဘာသာလူငယ်များနှီးနှောဖလှယ်ပွဲ---ဝိညာဏဂေဟဗေဒနှိုးဆော်ရေးလုပ်ငန်း”ကျင်းပခဲ့သည်အထိ နှစ်ပေါင်း၂၀ကြာမြင့်ပြီဖြစ်သည်။ ထို့အပြင် ၎င်းနှီးနှောဖလှယ်ပွဲများသည် ဂျကာတာ၊ ပဲရစ်၊ တီဟီရန်၊ ဘာစီလိုနာ၊ မော်ရိုကို၊ ပီကျင်း၊ ထိုင်ပေစသည့်နေရာဒေသများ၌ ကျင်းပခဲ့ရာ အာရှတိုက်၊ ဥရောပတိုက်နှင့် အာဖရိကတိုက်တို့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

၂၀၀၃ခုနှစ် ကုလသမ္မဂ၏ရုံးချုပ်တွင်ကျင်းပသည့် NGOနှစ်ပတ်လည်ညီလာခံ၌ ဆရာတော်သည်  “ငြိမ်းချမ်းရေးအတွက်ဘာသာရေးနှီးနှောဖလှယ်ခြင်း၏ကောင်းကျိုး”ဟူသည့်ခေါင်းစဉ်ဖြင့် တက်ရောက်ဟောပြောခဲ့သည်။ ၂၀၀၄ခုနှစ်တွင် ကမ္ဘာ့ဘာသာရေးပြတိုက်၊ ဂိုးဒင်ပူးပေါင်းဆောင်ရွက်မှုနှင့်ငြိမ်းချမ်းရေးအဖွဲ့(Goldin institute for partnership and peace)နှင့် ထိုင်ပေစည်ပင်သာယာရေးကော်မတီတို့ပူးပေါင်း၍ ကမ္ဘာ့ဘာသာရေးပြတိုက်၌ကျင်းပသည့် “ဝိညာဏနှင့်ဂေဟဗေဒစနစ်ရေရှည်တည်တံ့ရေး:ရေ---ကျွန်ုပ်တို့၏တူညီသောအရင်းအမြစ်”အပြည်ပြည်ဆိုင်ရာအစည်းအဝေးတွင် ဆရာတော်သည်  “ကမ္ဘာ့ကျင့်ဝတ်နှင့် ကမ္ဘာကြီးငြိမ်းချမ်းရေး---ဘာသာရေး၏မျက်မှောက်တာဝန်”ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ၂၀၁၄ခုနှစ်တွင် ဆရာတော်သည် အိုက်စလန်နိုင်ငံ ရေးခီးဗက်ခ်မြို့သို့သွားရောက်ကာ ဒုတိယကြိမ်မြောက် လူသားတို့၏စိတ်ဓာတ်ဖိုရမ်(Spirit of Humanity Forum)အား တက်ရောက်၍ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတရား၏ အရေးပါမှုကို ပြောကြားခဲ့သည်။ ၂၀၁၆ခုနှစ်တွင် ဆရာတော်သည် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ အဗ္ဗဒူလာဘုရင်ဘာသာပေါင်းစုံနှင့်ယဉ်ကျေးမှုပေါင်းစုံဆွေးနွေးရေးစင်တာ(KAICIID Dialogue Center )၌ ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအား ချစ်မြတ်နိုးခြင်းနှင့်ပတ်သက်သည်များဟောပြောခဲ့ပြီး ဘာသာပေါင်းစုံနှီးနှောဖလှယ်ရေးနှင့် သက်ဆိုင်သည့်အတွေ့အကြုံများကိုလည်း မျှဝေခဲ့သည်။

၂၀၁၇ခုနှစ်တွင် ဆရာတော်သည် ဗာတီကန်စီးတီးသို့သွားရောက်၍ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်တွေ့စုံကာ ပုပ်ရဟန်းမင်းကြီးအား ကမ္ဘာမြေကြီးနှင့် ငြိမ်းချမ်းရေးအားချစ်မြတ်နိုးသည့် လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ ထိုနှစ်တွင်ပင် ဆရာတော်သည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့အား ဗာတီကန်မှ ဘာသာပေါင်းစုံဆွေးနွေးရေးကောင်စီ ( Pontifical Council for Interreligious Dialogue)နှင့်အတူ ဆဋ္ဌမကြိမ်မြောက် ဗုဒ္ဓဘာသာယုံကြည်သူနှင့် ခရစ်ယာန်ယုံကြည်သူများ အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲအား "ဗုဒ္ဓဘာသာယုံကြည်သူနှင့်ခရစ်ယာန်ယုံကြည်သူများရင်ဘောင်တန်း၍ အကြမ်းမဖက်ရေးလမ်းကြောင်းလျှောက်လှမ်းစို့" ခေါင်းစဉ်ဖြင့် ဦးစီးကျင်းပစေသည်။ ၂၀၂၁ခုနှစ်တွင် ဆရာတော်သည် ဗာတီကန်၊ ဗာတီကန်အခြေစိုက် အင်္ဂလန်နှင့် အီတလီသံရုံးမှကျင်းပသည့် "ကိုးကွယ်ယုံကြည်မှုနှင့်သိပ္ပံပညာ---COP26သို့" အစည်းအဝေးသို့ တက်ရောက်ကာ "ဝိညာဏအသိပညာအားပြန်လည်ရှာဖွေခြင်းဖြင့် အရာအားလုံး၏အရင်းမြစ်မှာတူညီကြောင်းသိရှိနားလည်နိုင်"ဟူသည့် အယူအဆနှင့် စစ်ပွဲချုပ်ငြိမ်းရေးနှင့် နျူကလီးယားလက်နက်တားဆီးရေးသည် ဂေဟဗေဒစနစ်ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အလွန်အရေးပါကြောင်းကိုလည်း အလေးပေးပြောဆိုခဲ့သည်။

၂၀၂၂ခုနှစ်မတ်လ၃ရက်နေ့တွင် ဆရာတော်သည် ရုရှား-ယူကရိန်းတိုက်ပွဲနှင့်ပတ်သက်၍ "ဂေဟဗေဒစနစ်အတွက် ကျွန်ုပ်တို့သည်စစ်ပွဲကို မဖြစ်မနေရပ်တန့်ရမည်"ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီး ဘာသာပေါင်းစုံအား စစ်ပွဲနှင့် စစ်ပွဲကြောင့် ဆုံးရှုံးမှုရရှိခဲ့သူများအတွက် ဆုတောင်းပေးရန် ဖိတ်ခေါ်ခဲ့သည်။[6]

ပညာရေး၊ ယဉ်ကျေးမှုပြန့်ပွားရေးနှင့် ပရဟိတလုပ်ငန်းများလုပ်ဆောင်

ဆရာတော်သည် ပြည်သူလူထုတို့အား အစဉ်ဂရုစိုက်လေရာ တပည့်ဒါယိကာတို့အား "မိမိဘဝဖြင့် အများဘဝအတွက်ဝန်ဆောင်မှုပေးအပ်၊ အသက်ပေးဆပ်"ဟု အမြဲဆုံးမပြီး ၎င်းတို့အား ပညာရေး၊ ယဉ်ကျေးမှုနှင့် ပရဟိတလုပ်ငန်းများပြန့်ပွားရေးအတွက် တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်စေသည်။ ဆရာတော်သည် ၁၉၈၉ခုနှစ်တွင် လင်ဂျူးတောင်‘ပညာ’ယဉ်ကျေးမှုနှင့်ပညာရေးဖောင်ဒေးရှင်း၊ ၁၉၉၀ခုနှစ်တွင် လင်ဂျူးတောင်ဓမ္မပါလအဖွဲ့နှင့် ၁၉၉၄ခုနှစ်တွင် လင်ဂျူးတောင်ပရဟိတဖောင်ဒေးရှင်းတို့အားတည်ထောင်ခဲ့ရာ ၎င်းတို့မှာ ထိုင်ဝမ်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရှင်းပေမြို့တော်စည်ပင်သာယာရေးရုံးတို့၏ ဂုဏ်ပြုချီးမြှောက်ခြင်းအား အကြိမ်ပေါင်းများစွာ ခံရသည့် ဘာသာရေးနှင့် ပရဟိတအသင်းအဖွဲ့များ၏ စံပြဖြစ်လေသည်။ ၂၀၀၃ခုနှစ်တွင် ဆရာတော်သည် တြိယာနပရိယတ္တိသာသနာ့တက္ကသိုလ် (Triyana Buddhism College)အားတည်ထောင်ကာ သံဃာများ၏ပညာရေးအတွက် အင်အားဖြည့်စည်းပေးခဲ့သည်။ ၎င်းကောလိပ်သည် ကျောင်းသားများအား နှစ်စဉ်ဂူအောင်း၍ ဝစီပိတ်ကျင့်စဉ်ဖြင့် တရားအားထုတ်ကျင့်ကြံစေသည်။ ဒါယိကာ၊ ဒါယိကာမများအား ဆုံးမသွန်သင်ရေးအတွက် ဆရာတော်သည် ၎င်းတို့၏ မတူညီသည့် ပါရမီအားမူတည်ကာ တရားထိုင်ခြင်း၊ ဘုရားဖူးခရီးထွက်ခြင်း၊ တရားပွဲကျင်းပခြင်းစသည့် ဘက်စုံသည့်နည်းများဖြင့် လမ်းပြပေးသည်။ ထို့အပြင် ကလေးငယ်နှင့်လူငယ်များအတွက် ဗုဒ္ဓဘာသာသင်တန်းများ၊ ဟွိတ်မင့်ကောလိပ်၊ နာဂါဇုနဘဝငြိမ်းချမ်းရေးပညာရေးစင်တာတို့အားဖွင့်လှစ်တည်ထောင်၍ ကျောင်းများတွင်စိတ်ဓာတ်တည်ငြိမ်ရေးလှုပ်ရှားမှုများမိတ်ဆက်ပေးခြင်းများလည်း လုပ်ဆောင်ပေးသည်။ ၂၀၁၄ခုနှစ်တွင် ဆရာတော်သည် မိမိတရားအားထုတ်ကျင့်ကြံသည့်အတွေ့အကြုံနှင့် ဗုဒ္ဓ၏အဆုံးအမတို့အား ပေါင်းစပ်ကာ ပညာရေးအဆင့်လေးဆင့်တီထွင်၍ နေရာအနှံ့ရှိ သင်တန်းစင်တာများတွင် ပထမဆင့်သင်တန်းများဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ဆရာတော်၏  ပညာရေးအဆင့်လေးဆင့်သည် ဇာမ်ကိုအဓိကထား၍ ဗုဒ္ဓ၏အဆုံးအမဖြင့် ရဟန်းနှင့်အများပြည်သူများ၏ ကျင့်ဝတ်များ၊ အဖွဲ့ဖွဲ့စည်းပုံများ၊ ဘာသာပြန့်ပွားရေးများစသည်တို့ကို ချမှတ်ပေးထားခြင်းဖြစ်လေရာ ဗုဒ္ဓတရားတော်အား သင်ကြားနာယူသည့်နည်းလမ်းဖြစ်သကဲ့သို့ ဘုရားအဖြစ်သို့ ကြိုးစားအားထုတ်ကျင့်ကြံသည့်နည်းလမ်းလည်းဖြစ်လေသည်။

ဆရာတော်က ယဉ်ကျေးမှုသည် လူ၏စိတ်အား ပြောင်းလဲပေးနိုင်ပြီး ပျောက်ဆုံးနေသော လူ၏ကျင့်ဝတ်တန်ဖိုးကိုလည်း ပြန်လည်ရှာဖွေပေးနိုင်သည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် ၂၀၀၂ခုနှစ်တွင် ဗုဒ္ဓဘာသာစာပေဆုအား တီထွင်ချီးမြှင့်ခဲ့ပြီး လင်ဂျူးတောင်‘ပညာ’ယဉ်ကျေးမှုနှင့်ပညာရေးဖောင်ဒေးရှင်းလက်အောက်တွင် စာပေတိုက်တည်ထောင်ကာ ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့်ကျမ်းဂန်များ၊ စာပေများ၊ ရုပ်သံများ၊ ဆက်စပ်ပစ္စည်းများအပြင် ဗုဒ္ဓဘာသာဆိုင်ရာ ဂျာနယ်မဂ္ဂဇင်းအမျိုးမျိုးကိုလည်းထုတ်ဝေလျက်ရှိသည်။ ၎င်းစာပေတိုက်မှ ထုတ်ဝေသည့်ဂျာနယ်မဂ္ဂဇင်းများမှာ အပြည်ပြည်ဆိုင်ရာဗုဒ္ဓသုတေသန၊ ဘာသာပြန်ပန်းခင်း၊ ပညာစာပေပြန့်ပွားရေး၊ ရေစက်ရှိသူ၊ ကမ္ဘာ့ဘာသာပေါင်းစုံပြတိုက်၊ ရာစုသစ်ဘာသာရေးသုတေသန၊ ဘဝပညာရေး၊ ဘဝငြိမ်းချမ်းရေး၊ နောင်မွန်စသည်တို့ဖြစ်သည်။ စာပေထုတ်ဝေရေးအပြင် လင်ဂျူးတောင်‘ပညာ’ယဉ်ကျေးမှုနှင့်ပညာရေးဖောင်ဒေးရှင်းသည် ဟောပြောပွဲ၊ သင်တန်း၊ ပြပွဲအမျိုးမျိုးတို့ကိုလည်း ကျင်းပလေ့ရှိသည်။ ပရဟိတလုပ်ငန်းဘက်တွင်မူ ၂၀၀၃ခုနှစ်မှစ၍ “ဖူရိန်” ပညာသင်ဆုတီထွင်ကာ အကူအညီလိုအပ်သည့်ကျောင်းသူကျောင်းသားများအား အထောက်အပံ့ပေးသည်။ နှစ်စဉ်ကျင်းပလေ့ရှိသော သုံးဆယ့်တစ်ဘုံသားတို့အားကုသိုလ်အမျှပေးဝေခြင်းတရားပွဲတွင် အလှူခံရရှိသည့်ဆန်၊ ဆီ၊ ဆားစသည့်စားသောက်ကုန်များဖြင့် အခြားပရဟိတအဖွဲ့အစည်းများ၊ ဆင်းရဲနွမ်းပါးသည့်မိသားစုများအား ပြန်၍လှူဒါန်းကူညီပေးသည်။

ထို့အပြင် ထိုင်ဝမ်၏921မြေငလျင်၊ ၂၀၀၄ခုနှစ် အိန္ဒိယသမုဒ္ဒရာငလျင်၊ မြန်မာနိုင်ငံ၏နာဂစ်မုန်တိုင်း၊ တရုတ်နိုင်ငံစီချွန်ပြည်နယ်မြေငလျင်၊ ၂၀၁၀ခုနှစ်ဟေတီနိုင်ငံမြေငလျင်တို့မှစ၍ ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် နီပေါနိုင်ငံမြေငလျင်အထိ ဆရာတော်သည် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့အားဦးဆောင်ကာ ဆီမီးထွန်းညှိပူဇော်ခြင်းများပြုလုပ်ပြီး ဘုရားကျမ်းဂန်များရွတ်ဖတ်၍ ၎င်းဒေသများအား အမျှပေးဝေခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းပေးခြင်းစသည့်လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ ဆရာတော်၏ လူသားများအပေါ်ထားရှိသည့် မေတ္တာကရုဏာစိတ်ထားသည် ကမ္ဘာအရပ်ရပ်သို့ ပြန့်ပွား၍ အခမဲ့ဆေးဝါးကုသပေးခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများလုပ်ဆောင်ပေးခြင်း၊ အခမဲ့မနက်စာကျွေးမွေးခြင်း၊ တစ်ဦးတည်းနေထိုင်သောသက်ကြီးရွယ်အိုများအားစောင့်ရှောက်ပေးခြင်း၊ လူနေအိမ်နှင့် သောက်ရေသန့်စနစ်ပြန်လည်တည်ဆောက်ပေးခြင်းမှစ၍ မိဘမဲ့ကလေးများအားစောင့်ရှောက်၍ကျောင်းများထားပေးခြင်းစသည်အားဖြင့် လူသားတို့အား အဖက်ဖက်မှ အထောက်အကူပြုလေသည်။

ဘဝငြိမ်းချမ်းရေးတက္ကသိုလ်အားတည်ထောင်

ကမ္ဘာမြေကြီး၏ ဂေဟဗေဒစနစ်ကောင်းမွန်ရေးနှင့် သက်ရှိသတ္တဝါများရေရှည်တည်တံ့ရေး၊ ဝိညာဏဂေဟဗေဒစနစ်နိုးကြားရေးတို့အားရည်မှန်း၍ ဆရာတော်သည် မြန်မာနိုင်ငံ၌ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်တည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသည်။ ဆရာတော်သည် ၎င်းတက္ကသိုလ်ကြီးအား ပလက်ဖောင်းပြု၍ ကမ္ဘာမြေကြီးနှင့်ငြိမ်းချမ်းရေးချစ်မြတ်နိုးသူများအား စုစည်းစေလိုသည်။ ဤတက္ကသိုလ်ကြီးသည် ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ အော်ဂဲနစ်စိုက်ပျိုးရေး၊ ဆေးပညာ၊ ပရဟိတစသည့်ကဏ္ဍရပ်များပါဝင်သည့် ငြိမ်းချမ်းရေးပလက်ဖောင်းကြီးတစ်ခုဖြစ်သည်။ ၂၀၁၆ခုနှစ်ဇွန်လတွင် မြန်မာနိုင်ငံ လားရှိုးမြို့နယ် နောင်မွန်ကျေးရွာရှိ မဟာကုသလရာမဘုန်းတော်ကြီးသင်ပညာရေးကျောင်းအား စတင်ဖွင့်လှစ်၍ ပထမအပတ်စဉ်မှ ကျောင်းသားများ စတင်လက်ခံခဲ့သည်။ ဆရာတော်သည် နောက်နောင်တွင် ကျောင်းသားများ ပိုမိုလက်ခံကာ ဗုဒ္ဓတရားတော်နှင့် ငြိမ်းချမ်းရေးပြန့်ပွားရေးအတွက် ပျိုးပင်လေးများ ပြုစုပျိုးထောင်ပေးသွားမည်ဟုမိန့်ကြားခဲ့သည်။ ၂၀၁၇ခုနှစ်တွင် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ အပြည်ပြည်ဆိုင်ရာရုံးချုပ်အား အမေရိကန်နိုင်ငံ နယူးယောက်မြို့ မက်ဟက်တန်မြို့နယ်တွင် တည်ထောင်ခဲ့သည်။ ထို့နောက် ၂၀၁၇ခုနှစ် မေလ ၂၉၊ ၃၀ရက်များတွင် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ ပထမကြိမ်မြောက် အကြံပေးအရာရှိများအစည်းအဝေးအား ဂျာမနီနိုင်ငံ ရေးဂဲန်စဘာ့ဂ်မြို့(Regensburg)၌ ကျင်းပခဲ့သည်။ ထိုနှစ် စက်တင်ဘာလ၂၇ရက်မှ၃၀ရက်ထိကျင်းပသည့် ဒုတိယကြိမ်မြောက်အကြံပေးအရာရှိများအစည်းအဝေးကိုမူ မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည်။

၂၀၁၇ခုနှစ် အောက်တိုဘာလ၈ရက်နေ့နှင့် ၁၀ရက်နေ့တွင် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် ထိုင်ဝမ် ကောင်းရှုံမြို့နှင့် ထိုင်ပေမြို့တို့တွင် ဘဝငြိမ်းချမ်းရေးဂီတဖျော်ဖြေပွဲကျင်းပကာ ထိုင်ဝမ်လူထုအား ဆရာတော်သည် ဘဝငြိမ်းချမ်းရေးတက္ကသိုလ်တည်ထောင်နေကြောင်း အသိပေးကြေငြာခဲ့သည်။ ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဆရာတော်အား လာရောက်တွေ့ဆုံကာ ဘဝငြိမ်းချမ်းရေးတက္ကသိုလ်တည်ထောင်ရေးအတွက် ကူညီပံ့ပိုးသွားမည်ဟုကတိပြုခဲ့သည်။ ၂၀၁၈ခုနှစ် ဖေဖဝါရီလတွင် လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့သည် မြန်မာနိုင်ငံပဲခူးတိုင်းမှ မြေဧက၆၀၀ကျော်အား ဘဝငြိမ်းချမ်းရေးတက္ကသိုလ်တည်ဆောက်ရန်အတွက် ဝယ်ယူခဲ့သည်။ ၂၀၁၈ခုနှစ် မေလ၂၃မှ ၂၄ရက်နေ့တွင်  ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ အကြံပေးအရာရှိများအစည်းအဝေးအား သြစတီးယားတွင် ကျင်းပခဲ့သည်။ ၂၀၁၉ခုနှစ် ဇန်နဝါရီလ၉ရက်မှ၂၃ရက်တွင်  ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ ပထမကြိမ်မြောက်စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်းအား “ဂေဟဗေဒအန္တရာယ်ဖြေရှင်းမှု၏အရင်းမြစ်---နည်းဗျူဟာသစ်တစ်ခုဆီသို့”ဟူသည့်ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည်။  ဘဝငြိမ်းချမ်းရေးတက္ကသိုလ်၏ ဒုတိယကြိမ်မြောက် စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်းအား ၂၀၂၀ခုနှစ် ဇန်နဝါရီလ၈ရက်မှ၁၈ရက်အထိ “ကမ္ဘာမြေကြီးအားကုသပေးခြင်း--- ဂေဟဗေဒနှင့် သိပ္ပံနည်းပညာတို့၏ပြောင်းလဲလှုပ်ရှားမှု”ဟူသည့်ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံရန်ကုန်မြို့၌ပင် ကျင်းပပေးခဲ့သည်။ "ဆုံးဖြတ်ချက်ချမှတ်ခြင်း--- ဂေဟဗေဒစနစ်ကြီး၏ မျက်မှောက်အကျပ်အတည်းများနှင့်ပတ်သက်၍ ကျွန်ုပ်တို့စည်းမျဉ်းများမည်သို့ချမှတ်၍ မည်သို့လုပ်ဆောင်သင့်သနည်း"ဟူသည့်ခေါင်းစဉ်ဖြင့် ကျင်းပသည့် တတိယကြိမ်မြောက်စမ်းသပ်ပညာရေး ဆောင်းရာသီသင်တန်းကိုမူ ၂၀၂၁ခုနှစ် ဇန်နဝါရီလ၂၂-၂၃ရက်၊ ၂၉-၃၀ရက်တို့တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ၈ရက်နေ့တွင် ဆရာတော်သည် ယူနက်စကို နယ်သာလန်အပြည်ပြည်ဆိုင်ရာဟိုက်ဒြောလစ်အင်ဂျင်နီယာတက္ကသိုလ်၏ကျောင်းအုပ်ဖြစ်သူ ဒေါက်တာEddy Moorsနှင့် သဘောတူညီမှုစာချုပ်ချုပ်ဆိုကာ ရေအားထုတ်လုပ်ရေးနှင့်ပတ်သက်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာပေးလုပ်ငန်းများ လက်တွဲလုပ်ဆောင်ရန် သဘောတူညီမှုများရရှိခဲ့သည်။

ဘွဲ့တံဆိပ်နှင့် ဂုဏ်ပြုမှုများ

၂၀၀၅ခုနှစ်တွင် သီရိလင်္ကာမှ လှူဒါန်းဆက်ကပ်သော ဗုဒ္ဓဘာသာပြန့်ပွားရေးထူးချွန်ဆု

၂၀၀၅ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ အပ်နှင်းသော မိုတီလာနေရူးငြိမ်းချမ်းရေး၊သည်းခံစိတ်နှင့်သဟဇာတဆု

၂၀၀၆ခုနှစ်တွင် မြန်မာနိုင်ငံမှ လှူဒါန်းဆက်ကပ်သော အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့

၂၀၁၀ခုနှစ်တွင် မြန်မာနိုင်ငံမှ လှူဒါန်းဆက်ကပ်သော မဟာကမ္မဋ္ဌာနာစရိယဘွဲ့

၂၀၁၀ခုနှစ်တွင် အမေရိကန်နိုင်ငံ နားလည်မှုကျောင်း (Temple of Understanding) မှပေးအပ်သော ဘာသာပေါင်းစုံအမျှော်အမြင်ကြီးမြင့်ဆု

၂၀၁၃ခုနှစ်တွင် ထိုင်းနိုင်ငံ ပဝရနိဝေသေကျောင်းတော်ကြီး(Wat Bowonniwet Vihara)မှ ချီးမြှောက်သော ဗုဒ္ဓဘာသာလှူဒါန်းမှုထူးချွန်ဆု

၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံမှ လှူဒါန်းဆက်ကပ်သော အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့

၂၀၂၁ခုနှစ်တွင် ထိုင်ဝမ်အစိုးရမှ ဆက်ကပ်လှူဒါန်းသော ပထမကြိမ်မြောက် ထိုင်ဝမ်ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ဆု( ပြတိုက်၊ ယဉ်ကျေးမှုစင်တာ၊ လူထုအဆောက်အအုံ)


အခြားဘာသာဖြင့်ရေးသားပြုစုသည့်စာပေများ

“စိတ်တွင်းမှငှက်များ” ၁၉၉၉ခုနှစ်၊ လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့စာပေတိုက်

“ပညာနှင့်ကရုဏာ” ၂၀၀၁ခုနှစ်ဇန်နဝါရီလ၊ အကွာမရင်းစာပေတိုက်

“တောတောင်ပင်လယ်သဘာဝလူသား”၂၀၀၇ခုနှစ်၊ လင်ဂျူးတောင်‘ပညာ’ယဉ်ကျေးမှုနှင့်ပညာရေးဖောင်ဒေးရှင်းစာပေတိုက်

“စိတ်ခရီးလမ်း---ဆရာတော်ဘဒ္ဒန္တကုသလ၏သြဝါဒ”၁၉၉၅ခုနှစ်ဇွန်လ၊ လင်ဂျူးတောင်‘ပညာ’ယဉ်ကျေးမှုနှင့်ပညာရေးဖောင်ဒေးရှင်းစာပေတိုက်

“သေခြင်းတရားကိုကျော်လွန်သောဗုဒ္ဓဘာသာခရီး”၂၀၁၆ခုနှစ်နိုဝင်ဘာလ၊ ကိန်းဘရစ်ချ်စာပေတိုက်

“ တရားထိုင်ခြင်း၏စွမ်းအား---ဝိညာဏနှင့်သက်ဆိုင်သည့်ဆရာတပည့်ဆွေးနွေးပွဲ၁၀ပွဲ” ၂၀၁၈ခုနှစ်စက်တင်ဘာလ၊ ဘာဘိုအာစာပေတိုက်

“ဇာမ်ဘဝတွင်ပျော်မွှေ့စွာနေထိုင်ပါ---သင်၏နေ့စဉ်ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းရေးအတွက် အချိန်ပေးစရာမလိုသောဇမ်၏ဉာဏ်ပညာ”၂၀၂၁ခုနှစ်စက်တင်ဘာလ၊  ဘာဘိုအာစာပေတိုက်